တ‌‌ ယော ဘယ်လို တောတော
ko aung naing oo ko aung naing oo
4.17K subscribers
467 views
9

 Published On Dec 12, 2020

❝ တယော ဘယ်လို တောတော ❞





ကိုကျော်ရွှေက ရွှေပြည်စိုးသီချင်းကို တော်တော် အဆိုကောင်းတယ် ။ " မြနဲ့ မောင်နဲ့ အခုမှ တွေ့တာ …၊ လူပါးမဝခင်တုန်းက ပြောတော့ ရီစရာပါ ။ အား ငှာ … ငှာ … ငှာ … ငှာ …" ဆိုတဲ့နေရာများ မေးရိုက် မေးဝဲနဲ့ အပီဆိုနိုင်တယ် ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ဝါးတားတားပါပဲ ။ အဲ … ခုနပြောတဲ့ " အတောဘယ်လိုတောတော …" ဆိုတဲ့အပိုဒ်ရောက်ရင် ကျွန်တော့်အသံက ပိုစွာလာတယ် ။ " အတောဘယ်လိုတောတော …၊ တယောဘယ်လိုချောချော …၊ အပြောဘယ်လို ပေါပေါ … " ဆိုပြီး ကွန့်ရင်း ၊ ညွန့်ရင်း ကိုကျော်ရွှေက စိတ်ဆိုးတယ် ။ " ဟေ့ကောင် … မူရင်းသီချင်းကိုမဖျက်နဲ့ " နဲ့ ဟန့်တယ် ။ ဒီနေရာမှာ ကိုကျော်ရွှေကလည်း " အတော ဘယ်လိုတောတော ၊ တယောဘယ်လိုချောချော …" လို့ပဲ သီဆိုတယ် ။ ကျွန်တော်က " အတောကတော့ ဟုတ်ပါပြီကွာ ၊ တယောက ဘယ်နှယ်ချောရတာလဲ " ဆိုတော့ သူက ကျွန်တော့်ကို ညံ့ပါ့ကွာဆိုတဲ့ အကြည့်မျိုးကြည့်ပြီး " ဟကောင် … နှဲချောတော့ ဘာလဲကွ " လို့မေးတော့ " နှဲချောတော့ တယော ပေါ့ " လို့ပြန်ဖြေတာပေါ့ ။ အဲဒီတင် ကိုကျော်ရွှေက " အေးလေ … ၊ တယောချောပြီဆိုမှတော့ ဘယ်အသံကမှ တုနှိုင်းမမှီပေါ့ကွ " လို့ ပြန်ပြောတယ် ။ ဆက်ပြီး " မမြရင်က အဲသလို အဆင်ပြေချောမွေ့မှုတွေ ဝိုင်းဝိုင်းလည်နေတဲ့ နေရာမှာတော့ မပျော်ဘူးတဲ့ကွ ၊ သူ့ရွာကိုပဲပြန်ချင်တာတဲ့ကွ ၊ သနားစရာပါကွာ …" လို့ပြောရင်း ဆုတောင်းပြည့် ရင်ပြင်ကနေ အောင်ပင်လယ်ဘက်ဆီငေးရီကြည့်နေတယ် ။

ကျွန်တော်လည်းတောက်တိုမယ်ရ စာလေးဘာလေးရေး … ။ ဒီလိုနဲ့ ၁၉၉၃ ခုနှစ်မှာ လူထုကြီးပွားရေးစာအုပ်တိုက်ရဲ့ အယ်ဒီတာအဖွဲ့စားပွဲကိုရောက်သွားတယ် ။ ကျွန်တော်ရောက်ပြီး ၂ နှစ်လောက်ကြာတော့ ဒေါ်ဒေါ် လူထုဒေါ်အမာရဲ့ " ပြည်သူချစ်သောအနုပညာသည်များ " စာအုပ်က အပြင်မှာ မရှိသလောက်ရှားပါးနေတော့ ထပ်မံထုတ်ဝေဖို့ စဉ်းစားကြတယ် ။ အဲဒီအချိန်က စာအုပ်ထုတ်ဝေရေးဟာ အတော်ခက်ခဲတယ် ။ စီစစ်ရေးက အနည်းဆုံး ၆ လကြာတယ် ။ " လူထု " တိုက်ထုတ် စာအုပ်ဆိုရင် အကြောင်းမရှိအကြောင်းရှာပြီး ဖြတ်တောက်တယ် ။ ကန့်သတ်တယ် ။ ပြီးတော့ စက္ကူကလည်းရှားတယ် ။ ဒီတော့ " ပြည်သူချစ်သော အနုပညာသည်များ " စာအုပ် ထပ်မံရိုက်နှိပ်ထုတ်ဝေဖို့က ချက်ချင်း အဆင်မပြေဘူးပေါ့ ။ ဒါပေမယ့် အဲဒီစာအုပ်ကို ပြန်ထုတ်မယ်ဆိုတာတော့ ဆုံးဖြတ်ထားကြတယ် ။ ဒီတော့ ဒေါ်ဒေါ်လူထုဒေါ်အမာက " မင်းတို့ စာအုပ်ပြန်ထုတ်မယ်ဆိုရင် ဖြည့်စရာတွေ ပြင်စရာတွေရှိတယ် ။ ဖြည့်ပြီး ၊ ပြင်ပြီးမှ ပြန်ထုတ်ကြတာပေါ့ ။ ဟောဟို စာအုပ်ဂိုဒေါင်ခန်းထဲမှာ သံသေတ္တာ တစ်လုံးရှိတယ် ။ အဲဒီသံသေတ္တာထဲမှာ " ပြည်သူချစ်သော …" နဲ့ ပတ်သက်သမျှ စာရွက်စာတမ်းတွေ ၊ ဓာတ်ပုံတွေရှိတယ် ။ မင်းယူပြီး အခုထဲကကြိုဖတ်ပေါ့ " လို့ ပြောတယ် ။ ဒေါ်ဒေါ်က ဆက်ပြောတယ် " တို့ရေးသမျှ စာအုပ်ထဲမှာ ပြည်သူချစ်သောက ပရိသတ်အားအပေးခံရဆုံး ။ ပရိသတ်ဆီက စာအလာဆုံး ။ ဆရာတော် သံဃာတော်တွေကအစ အရွယ်သုံးပါး ကျား ၊ မ မရွေး စာတွေပြန်ရေးကြတာ … ။ စာအုပ် သဘောကျတဲ့ အကြောင်း ။ ဒါလေး ၊ ဒါလေးတွေ လိုအပ်သေးတဲ့အကြောင်း ။ ဒီအချက်အလက်လေးတွေက သူတို့သိတာနှင့် လွဲနေတဲ့အကြောင်း ။ ဒီအချက်လေးတွေက အမှတ်မှား‌ေန ကြောင်း … ဆိုတာတွေပေါ့ ။ အဲဒီ သံသေတ္တာထဲမှာ စာတွေအားလုံး ဖိုင်တွဲထားတယ် ။ အဲဒါတွေဖတ်ထား ၊ မှတ်စုထုတ်ထားကွယ့် " တဲ့ ။
ဟုတ်ပါတယ် ။ ရှေးဟောင်း သံသေတ္တာထဲမှာ ပေးစာတွေအားလုံး စနစ်တကျ ဖိုင်တွဲထားတယ် ။ စာတိုက်ကပို့တဲ့ စာအိတ်ကအစ သူ့စာနဲ့အတူ တွဲထားတယ် ။ အဲဒီစာထဲမှာ လေဘာတီ မမြရင်ရဲ့ " ရွှေပြည်စိုး " သီချင်းနဲ့ ပတ်သက်ပြီး နယ်က ( အခုတော့ ဆရာတော်ကြီးအရွယ်ပေါ့ ) ပဉ္စင်းငယ်လေးတစ်ပါးက သူတို့ရွာမှာ မမြရင် လာ က တော့ ရွှေပြည်စိုးသီချင်းကို ကြိုက်လွန်းလို့ မင်းသမီးဆီက စာသားမေးပြီးရေးထားတာတဲ့ ။ အဲဒီသီချင်းစာရွက်လေးကိုစာတိုက်ကပို့ပေးတာ ။ စာရွက်လေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကမို့ ဝါကျင့်လို့ … ။ ဒါကြောင့် စာသားတွေ ဖတ်မရလောက်အောင် မပျက်စီးခင် ကျွန်တော့်မှတ်စုစာအုပ်လေးထဲ ကူးရေးထားလိုက်ပါတယ် ။ ဒီနေရာမှာ လိုအပ်တဲ့စာသားအပိုဒ်လေးကို ထုတ်ပြပါရစ …။

" မြ နဲ့ မောင် နဲ့ အခုမှတွေ့တာ × × × လူပါးမဝခင်တုန်းက ပြောပြတော့ ရယ်စရာပါ × × × ထဘီလေး တိုတိုဝတ်ကာ ကျွန်မငယ်စဉ်အခါ × × × လူထဲမဝင်သေးတော့ × × × အလှပြင်ဆင်ချာ ၊
မယ်ရင် ကုန်ကုန်ပြောမယ် × × × တောသက်သက် မို့ ဘယက်ဒွါရရာ
ရွှံ့တွေ ကပ်စီ ကပ်စီ × × × ပုတီးလုပ်ကာ ဆွဲရပါတယ် အုန်းမှုတ်ပဲ့ကို ရှာရှာ × × × ဒိုလာပြားကြီး ဆယ့်ငါးပြားလောက်ဆွဲရတာ
ကိုကိုတို့က မြှောက်စားပေမယ့် × × × အရင်တုန်းကလိုမပျော်ပါ
မောင်မောင်တို့က မြှောက်စားပေမယ့် × × × အရင်တုန်းကလောက် မပျော်ပါ
ကျွန်မတို့ရွာကို ပို့ပါ ပို့ပါ × × × လွမ်းတဲ့သူနဲ့ တွေ့ရုံကလေးပါ
တယောဘယ်လိုတောတော × × × အဆန်းဘယ်လိုပေါပေါ နားဝင်ချိုအောင် ဘယ်လိုပြောပြော × × × သဘောမကျနိုင်ဘူးအစ်ကို
ရွှေပြည်စိုး … ၊ ရွှေပြည်စိုး … ၊ ရွှေပြည်စိုး × × × လွမ်းပိုဖွယ်ရာ …" တဲ့ ။

‌ဪ … ဒီစာသားလေးဖတ်ကြည့်မိမှ မမြရင်ရဲ့ လွမ်းစရာ့ဖြစ်အင်လေးကို ပိုပြီး မြင်သာသွားလေရဲ့ … ။
လူထဲမဝင်သေးတော့ အလှပြင်ဆင်ချာသတဲ့… ။
ရွှံ့တွေ ကပ်စီကပ်စီ ပုတီးလုပ်ကာဆွဲပြီး အုန်းမှုတ်ပဲ့ကိုရှာကာ ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲခဲ့ရတဲ့ ဘဝပဲ ပျော်သတဲ့ … ။

ပြီးတော့ …
သူချစ်တဲ့ ဂီတတွေဝန်းရံနေတဲ့ " တယော ဘယ်လိုတောတော … "
သူ့အဝတ်အစား အပြင်အဆင်မှာ " အဆန်း ဘယ်လိုပေါပေါ … "
သူ့ဘေးနားဝန်းကျင်မှာ " နားဝင်ချိုအောင် ဘယ်လိုပြောပြော … "
အဲဒီနေရာမှာ မမြရင်လေး မပျော်ပါဘူးတဲ့လေ … ။ ရွာက သူ့အိမ်လေးဘေး စမ်းချောင်းလေး ရစ်ခွေစီးဆင်းသွားတဲ့ အုန်းပင် အုန်းတောအုပ်လေးထဲက
" ရွှေပြည်စိုး … ၊ ရွှေပြည်စိုး … ၊ ရွှေပြည်စိုး … " လို့ အော်သံလေးကိုပဲ လွမ်းလှချည်ရဲ့တဲ့ ။
ဒါကြောင့်လည်း မမြရင်က သူ့အလွမ်းကို ပိုပြီးလေးနက်အောင် ကွန့်လိုက်သေး … ။
ဘာတဲ့ …

" ခရာသံစုံ ကျူးကြော်ဉာဏ်ဟုန် ၊ နန်းဘုံစကြာ ပန်းညို ပန်းနီ ပန်းဝါ … ဪ … ပေါတဲ့နေရာ … တောကွဲ့ ဟေမဝါ …
ရွှေပြည်စိုး … ၊ ရွှေပြည်စိုး … ၊ ရွှေပြည်စိုး … လွမ်းပိုဖွယ်ရာ … တဲ့ ။

အခုဓာတ်ပြားနဲ့ မမြရင်ရဲ့ ရွှေပြည်စိုးသီချင်းလို့ တွေ့တယ် ။ ဒါက မမြရင်ကွယ်လွန်ပြီးနောက် ပေါ်တဲ့ သဒ္ဒါရုံမမြရင် အသံနဲ့ သွင်းထားတဲ့ ဓာတ်ပြားတဲ့ ။

ဆူးငှက်

koaungnaingoo.blogspot.com

.

show more

Share/Embed